ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လူငယ်အသိပညာပေးသင်တန်း” ဖွင့်လှစ်

ပြည် ဩဂုတ် ၁၉

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လူငယ်အသိပညာပေးသင်တန်း”ကို ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပြည်မြို့၊ အောင်မြေသာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ‌လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်နှင့် ဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးတို့က “ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း (CHILD PROTECTION)၏ အခွင့်အရေး (၄)ရပ်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း၊ လူ့အခွင့်အရေး၏ အဓိပ္ပါယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်(CRC)၊ ကလေးသူငယ်အခွင့်အရေးများ၏ ရည်ရွယ်ချက်နှင့် ကလေးသူငယ်တိုင်း ရရှိခံစားနိုင်သည့် အခြေခံအခွင့်အရေးများ၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မသန်စွမ်းကလေးသူငယ်များရရှိနိုင်သော အခွင့်အရေးများအကြောင်း အပါအဝင် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ သိမှတ်ဖွယ်အကြောင်းအရာများကို ပါဝါပွိုင့်များဖြင့် အကျယ်တဝင့် အသိပညာပေး ဟောပြောဆွေးနွေးပို့ချသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြန်/ဆက်)