ပွင့်ဖြူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ပွင့်ဖြူ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၇ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာက သင်တန်းဆင်းအမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးခင်မောင်ဇော်က သင်တန်းတွင် ရရှိလာသည့် ပညာရပ်များကို လက်တွေ့အသုံးချကာ ကလေးသူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများက ကလေးကြိုက် ကဗျာ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ဂုဏ်ပြုချီးမြှင့်ပေးအပ်သည်။ ယင်းနောက် အခမ်းအနား တက်ရောက်လာကြသူများက သင်တန်းသား၊ သင်တန်းသူများ၏ ဖန်တီးပုံဖော်ပြုလုပ်ထားသည့် ကလေးကြိုက် စက္ကူအရုပ်ပစ္စည်းမျိုးစုံအား ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
အဆိုပါ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းတွင် ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုကဏ္ဍ(၅)ရပ်သင်ကြားနည်းစနစ်များ၊ ရှေးဦးသူနာပြုစုနည်းစနစ်များ၊ သင်ထောက်ကူပစ္စည်း ပြုလုပ်နည်းစနစ်နှင့် သင်ခန်းစာအစီအစဉ် ရေးဆွဲခြင်းနည်းစနစ်များ၊ အသွင်ကူးပြောင်းကာလ အရေးကြီးပုံများနှင့် အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာများ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မိဘအသိပညာပေးခြင်းများနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုဆိုင်ရာများ စသည့် ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးမှုနှင့် ပြုစုစောင့်ရှောက်ရေးဆိုင်ရာ သင်ခန်းစာများကို လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများက ဩဂုတ် ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရပြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ မူလကြို ကျောင်းများမှ ဆရာ၊ ဆရာမ သင်တန်းသားဦးရေ ၃၃ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )