ဇီးကုန်း ဩဂုတ် ၁၉
ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သင်တန်းပို့ချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လေးမျက်နှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (လေးမျက်နှာ) ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး လူမူဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်တင့်တင့်ဝေက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ဥပဒေအကြောင်းအရာများကို ဆွေးနွေးပို့ချခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူလေးများကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့၍ ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် လေးမျက်နှာကျေးရွာ “ရွာမ” ဘုန်းတော်ကြီးကျောင်း၌ ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ကျေးလက်နေပြည်သူများအား သင်တန်းပို့ချခဲ့သည်။ အဆိုပါအသိပညာပေး ဟောပြောခြင်းနှင့် သင်တန်းပေးဆောင်ရွက်ခြင်းသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲထွဋ်ဦး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များတက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)