ပွင့်ဖြူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဩဂုတ် ၁၇ ရက်၊ နံနက် ၇ နာရီက ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆက်သွယ်ရေး(စာတိုက်)ရုံးအနီးတွင် တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဧရာပဒေသာ ဆန်(၁)ပြည်လျှင် ငွေကျပ် ၄၄၀၀ နှုန်း ၊ ဆီ (၁)ပိဿာလျှင် ငွေကျပ် ၇၀၀၀ နှုန်း၊ ကြက်ဥ တစ်လုံးလျှင် ငွေကျပ် ၂၄၀ နှုန်း၊ ဂေါ်ရခါးသီး တစ်လုံးလျှင် ၂၀၀ ကျပ် နှုန်း၊ ပဲသီး(၁)စည်းလျှင် ငွေကျပ် ၁၀၀ နှုန်း၊ ခရမ်းသီး(၁)လုံး ငွေကျပ် ၁၀၀ နှုန်း၊ ကန်စွန်းရွက်တစ်စည်းလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်း (၇)မျိုးကို သက်သာသော ဈေးနှုန်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စနစ်တကျ ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ ၁၂၀ ဦးခန့်က အားပါးတရ လာရောက် ဝယ်ယူခဲ့ကြကြောင်း သိရသည်။ ယခုကဲ့သို့ အခြေခံစားကုန် ပစ္စည်းများအား ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက တန်ဖိုးသင့်တိုက်ရိုက် အရောင်းဆိုင်ဖွင့်လှစ်၍ စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဒေသခံပြည်သူများထံ ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)