ကျွန်းလှမြို့နယ်၌ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ

ကျွန်းလှ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူပေါင်းစီစဉ်မှုဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မခင်မြင့်မြတ်စံ (Grade-10) က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ မောင်ပိုင်ကျော်ကို (Grade-10) က လူငယ်နှင့်စည်းကမ်း၊ မသီရိချယ် (Grade-10)က လူငယ်နှင့်အနာဂတ်ရည်မှန်းချက်၊ မောင်ထက်ဝေအောင် (Grade-10) က လူငယ်နှင့်မူးယစ်ဆေး၊ မလင်းလင်းထိုက် (Grade-10) က လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြကြောင်း သိရသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ