မြင်းမူ မြို့နယ်ပြည်သူ့ဆေးရုံသို့ ပညာရေးဝန်ထမ်းမိသားစုက ငွေကျပ် (၂၂) သိန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

မြင်းမူ အောက်တိုဘာ ၁၅

ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ်ပညာရေးဌာန မိသားစုများက ကျန်းမာရေးကုသမှုအထောက်အကူပြု ပစ္စည်းများ     စုပေါင်း ပေးအပ်လှူဒါန်းပွဲကို  ယမန်နေ့က  စစ်ကိုင်းတိုင်းဒေသကြီး၊  စစ်ကိုင်းခရိုင်၊     မြင်းမူမြို့ပြည်သူဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှုးဒေါ်စန်းစန်းဝေက   မိမိတို့ပညာရေးမိသားစု ခေါင်းဆောင်များက ဦးဆောင်၍  ပညာရေးဌာနဝန်ထမ်းများ၏ စေတနာပြည့်ဝစွာ ပါဝင်လှူဒါန်း ပေးရခြင်းတို့နှင့် ပတ်သက်၍ ဂုဏ်ယူစကားပြောကြားပြီး   ဆေးကုသရေးဆိုင်ရာ    ဆေးရုံသုံးပစ္စည်းများကို မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာကေသီခိုင်ထံ ပေးအပ်လှူဒါန်း ရာ လှူဒါန်းမှုနှင့် ပတ်သက်၍   ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ယခုပေးအပ်လှူဒါန်းခဲ့သည့် ပစ္စည်းများမှာ အောက်စီဂျင်အသက်ရှူစက်နှင့် ဆက်စပ်ပစ္စည်းများ (၃) စုံ၊ သွေးပေါင်ချိန်တိုင်းစက်နှင့် ဆက်စပ်ပစ္စည်းများ၊ သွေးခုန်နှုန်းတိုင်းစက်နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်းသိရှိရပြီး  လှူဒါန်းခဲ့သည့် ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတန်ဖိုးမှာ ငွေကျပ် (၂၂) သိန်းရှိကြောင်း သိရှိရသည်။ အလားတူ မြင်းမူမြို့ တိုင်းရင်းဆေးရုံတွင်  ယာယီဖွင့်လှစ်ထားရှိသည့် ကိုဗစ်ရောဂါ စောင့်ကြည့်ရေးစခန်း  (CBFQ) သို့ ဝင်ရောက်လျက်ရှိသည့် ပြည်တွင်း / ပြည်ပပြန်ဒေသခံ ပြည်သူများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများအတွက် ငွေကျပ် (၄၅၀၀၀၀) ကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)