ဇလွန်မြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်း အခမ်းအနားကျင်းပ

ဇလွန် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မိုးရာသီကာလ မြစ်ရေကြီးမှုများ ဖြစ်ပေါ်လာပါက တာတမံများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တာတမံပျက်စီးနိုင်သော အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက် လေ့ကျင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဧရာဝတီ-ဟင်္သာတတာ တာမိုင် ၂၅/၂ ဆန်တန်းရေကင်းစခန်း အမှတ် (၃) တွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ရေဘေးကာကွယ်ရေး တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဆွေက ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပြီး ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က တာတမံများ၏ အရေးပေါ်အခြေအနေ ဖြစ်သော တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊ မြေကတုတ် (ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ်စောင့်ရှောက်ရမည့် နည်းလမ်းများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို သိရှိနားလည်စေရန်လက်တွေ့ သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ  မိုးရာသီရေဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင်ခြင်း အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဆွေနှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဝေယံ ဇလွန် (ပြန် / ဆက်)