ကံမမြို့နယ် ရေနံ့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌ လူငယ်စကားဝိုင်း ကျင်းပ

ကံမ ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ်၊  ရေနံ့သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ရေနံ့သာ)၌    ကျောင်းသား၊ ကျောင်းသူ  လူငယ်လူရွယ်လေးများ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ အထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၄၀၀)ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက  လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကံမမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူးဒေါ် နှင်းယုအေးနှင့် မြို့နယ်အားကစားမှူး ဒေါ်စိုးမိုးခိုင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က  လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး အစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)