ပွင့်ဖြူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ငှက်ပျောစိုက်ပျိုးခြင်းအား တစ်မြို့နယ်လုံး ဧက (၁၀၂၀) လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ ငှက်ပျောစိုက်ဧက (၆၀၀) ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ ငှက်ပျောစိုက်ပျိုးခြင်းကို ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်ပြီး ငှက်ပျောစိုက်ဧက ၁၀၂၀ စိုက်ပျိုးသွားဖို့ လျာထားထားပြီး မေလမှ စတင်ပျိုးခဲ့ရာ ယနေ့ထိ (၆၈၅) ဧက စိုက်ပျိုးပြီးစီပြီ ဖြစ်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးကာလ ငှက်ပျောဧက (၁၀၂၀) စိုက်ပျိုးဖို့ လျာထားပါတယ်။ ယနေ့အထိ ငှက်ပျော (၆၈၅) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်း မှုလဲကောင်းပါတယ်။ ငှက်ပျောစိုက်ပျိုးရေးကိုတော့ တောင်သူအများစုက ဥယျာဉ်ခြံမြေတွေနဲ့ သီးသန့်စိုက်ပျိုးကြတာ များပါတယ်။ တစ်ချို့တောင်သူတွေလဲ လယ်ကန်သင်းတွေမှာ စိုက်ပျိုးကြတာတွေလဲ ရှိပါတယ်။ တောင်သူတွေ အများဆုံး စိုက်ပျိုးတဲ့ ငှက်ပျောမျိုးတွေကတော့ ဖီးကြမ်းငှက်ပျော၊ ရခိုင်ငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ဝက်မလွတ် ငှက်ပျောစတဲ့ ငှက်ပျောမျိုးတွေကို စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။ သီးနှံပိုးမွှားရောဂါ ကျရောက်မှုလဲ သက်သာတဲ့အတွက် စိုက်ပျိုးတောင်သူတွေအတွက် အခြားသွင်းအားစုပစ္စည်းဖိုးကုန်ကျစရိတ် သက်သာတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆) အုပ်စု၊ ကျေးရွာပေါင်း (၂၀၅) ရွာ ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း သိရကာထိုသို့ သီးနှံများစိုက်ပျိုးရာ၌ စီးပွားရေး တွက်ခြေကိုက်သည့် ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းအား နှစ်စဉ်အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျော တစ်ဖီးလျှင် ငွေကျပ် (၁၇၀၀)၊ ငှက်ပျောချဉ် တစ်ခိုင်နှုန်းဈေး ငွေကျပ် (၈၀၀၀) နှုန်းဖြင့် ရောင်းချနေရ၍ ငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )