နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ဒီးမော့ဆို အောက်တိုဘာ ၁၅


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်ထိနောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးငြိမ်းလှိုင် (ဒီးမော့ဆိုမြို့နယ် တာဝန်ခံ)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြား ရေးမှူး ဦးကျော်မော်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံရွှေနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ မဲဆန္ဒရှင်ပြည်သူများ မဲဆန္ဒရှင်စာရင်းတွင် ပါရှိမှု ရှိ/မရှိ လာရောက်ကြည့်ရှုမှု အခြေအနေများနှင့် ပြင်ဆင်ဖြည့်စွက်လိုပါက ဆောင်ရွက်ပေးနေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ နောက်ဆုံးအကြိမ် ထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းတွင် ဒီးမော့ဆိုမြို့နယ်မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆၆၉၀ ဦးရှိကြောင်းသိရသည်။
ရီရယ်(ဒီးမော့ဆို)