သရက်ချောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

သရက်ချောင်း   ဩဂုတ်    ၁၈

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်/စာစောင်များ ခင်းကျင်းပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား စာရေးဆရာဒေါက်တာခင်မောင်ညို ရေးသားထားသော လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်မှ လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့်အလှပကိုအခြေခံ၍ ကျောင်းသား၊သူများအား အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ ပြည်သူအကျိုးပြုလုပ်ငန်းများတွင်ပါဝင် လုပ်ကိုင်စေလိုကြောင်း၊ လမ်းမှားရောက်နေသော လူငယ်များကို လမ်းမှန်ရောက်အောင် ကျောင်းသား/သူများ ဝိုင်းဝန်းပြုပြင်ပေးရန်လိုအပ်ကြောင်းစသည်ဖြင့် ကျောင်းသား/သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

ထို့နောက် ဩဂုတ်လအတွက်အသစ်ရောက်ရှိလာသော စာအုပ်/စာစောင်များကိုခင်းကျင်းပြသခဲ့ပြီး ကလေးအခွင့်အရေးဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပါ ဆောင်းပါးများ၊ ကာတွန်းများ၊ ပညာပေးစာစောင်များ၊ မှတ်တမ်းဓါတ်ပုံများကိုလည်းပြသခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)