သရက်ချောင်းမြို့နယ်တွင် တရားမဝင်ငါးဖမ်းဆီးမှုများမပြုလုပ်စေရေး၊ ငါးသယံဇာတထိန်းသိမ်းရေးနှင့် လူကုန်ကူးမှုပပျောက်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း   ဩဂုတ်   ၁၈

"သားစဉ်မြေးဆက် ရိက္ခာပြည့်စုံဖူလုံဖို့ ငါးသယံဇာတကာကွယ်ထိန်းသိမ်းစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ တရားမဝင်ငါးဖမ်းဆီးမှုများမပြုလုပ်စေရေး၊ ငါးသယံဇာတထိန်းသိမ်းရေးနှင့် လူကုန်ကူးမှုပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်က ကျောင်းသား/သူများအား အဆိုပါ ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အသိပညာပေးဟောပြောရာတွင် ရေနေသယံဇာတများ လျော့နည်းလာရသည့်အကြောင်းအရင်းများ၊ တားမြစ်ကန့်သတ်ထားသောငါးဖမ်းနည်းစနစ်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများအသုံးပြု၍ ငါးဖမ်းခြင်း၏ ဆိုးကျိုးများ၊ ဘက်ထရီရှော့တိုက်ကျင်စက်ဖြင့် ငါးဖမ်းခြင်း၏ဆိုးကျိုးများ၊ အဆိပ်ဖြင့် ငါးဖမ်းခြင်း၏ဆိုးကျိုးများ၊ အရေးယူခံရနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း၊ လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာသိကောင်းစရာများကို ကျောင်းသား/သူများသိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအသိပညာဗဟုသုတများတိုးပွားစေရန် လာရောက်ဟောပြောပေးသော ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်အား ကျေးဇူးတင်စကားပြောကြားခြင်း၊ အသိပညာပေးဟောကြားခဲ့သောအကြောင်းအရာများအား ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခြင်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ အသိညာပေးလက်ကမ်းစာစောင်များဖြန့်ဝေကာ အခမ်းအနားရုတ်သိမ်းခဲ့ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)