သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်ဆောင်ရွက်

သရက်ချောင်း   ဩဂုတ်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၇ရက်နေ့က သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာ ဒေါ်နှင်းဝေဖြိုး၏ အသားတိုးဝက်မွေးမြူရေးခြံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုက ဒေါ်နှင်းဝေဖြိုး၏ အသားတိုးဝက်မွေးမြူရေးခြံတွင် ဝက်ရောဂါများအကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ခြံဖျန်းဆေးဘူးဖြန့်ဝေပေးခဲ့ပြီး ဝက်(၁၅)ကောင်အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုထံမှ သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)