သရက်ချောင်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

သရက်ချောင်း   ဩဂုတ်   ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဩဂုတ်လ ၁၆ ရက်နေ့က သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက် ဦးတင်လှ၏ အသားတိုးဝက်ခြံနှင့် ဦးမြင့်ဝေ၏ နို့စားနွားခြံတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုက ဦးတင်လှ၏ အသားတိုးဝက်ခြံတွင် ဝက်ရောဂါများအကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ခြံဖြန်းဆေးဗူးဖြန့်ဝေပေးခြင်းနှင့် ဝက်(၁၀၀)ကောင်အား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။

ဆက်လက်၍ ဦးမြင့်ဝေ၏ နို့စားနွားခြံတွင် နွားရောဂါများအကြောင်းဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ခြံဖြန်းပိုးသတ်ဆေးဘူးများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး နွား(၁၀၀)အား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း၊ အဆိုပါ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်း မွေးမြူရေးခြံများတွင် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုထံမှ သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)