ပလတ်စတစ် စွန့်ပစ်ပစ္စည်း စနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်တတ် စေရေးအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ညနေပိုင်းက အခြေခံပညာအလယ်တန်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကမ္ဘာတွင် ပလတ်စတစ်သုံးစွဲမှုမှာနှစ်ပေါင်း (၁၀၀) ကြာမြင့်နေပြီဖြစ်ကြောင်း၊ လူအများသုံးစွဲပြီးစွန့်ပစ်လိုက် သည့်ပလတ်စတစ်များသည် နှစ်ပေါင်းရာချီ မဆွေးမမြေ့ဘဲ စုပုံနေတက်ကြောင်း၊ ပလတ်စတစ်သည်အလွန်အသုံးဝင်သည့် ပစ္စည်းဖြစ်သည့်အပြင် ဆိုးကျိုးအနေဖြင့်စွန့်ပစ်သည့်ပစ္စည်းများသည် လေထုရေထုနှင့်သဘာဝ ပတ်ဝန်းကျင်များကို ညစ်ညမ်းစေခြင်း၊ လူနှင့်အခြားသက်ရှိသတ္တဝါများကို အန္တရာယ်ပြုနိုင်ခြင်း၊ ရာသီဉတုကို ပြောင်းလဲခြင်း၊ ပလတ်စတစ်များထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများကြောင့် နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အူရောင်ခြင်း၊အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း အာရုံကြောရောဂါများ ဖြစ်တက်သဖြင့် ပလတ်စတစ်များအား စနစ်တကျ သုံးစွဲ၍ စွန့်ပစ်သင့်ကြာင်းတို့ကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်စေရန် အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ပလတ်စတစ်ဆိုးကျိုး များနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင် (ပြန်/ဆက်)