ရေတာရှည် သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးသင့်ကောက်စိုက်စက် (လက်ဆွဲ)ဖြင့် စပါးစိုက်ပျိုးမှု ရှင်းလင်းခြင်းအခမ်းအနားကို မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်စိန်က ဒေသခံတောင်သူလယ်သမားများအား တန်ဖိုးသင့်ကောက်စိုက်စက်(လက်ဆွဲ) အသုံးပြုပုံ၊ ပျိုးထောင်နည်းနှင့် စိုက်ပျိုးနည်း အချက်အလက်များကို မှတ်တမ်းဗီဒီယိုဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်က ဗီယက်နမ်နိုင်ငံထုတ်လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အားဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် တောင်သူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအား ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်းရသည်။
ရေတာရှည်(ပြန်/ဆက်)