လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

လိပ်သို ဩဂုတ် ၁၈

ကရင်ပြည်နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင် များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ် စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/ကျောင်းသူလေးများအား အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသား ရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းလုပ်ငန်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)