တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီဝယ်ယူရာတွင် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ စက်သုံးဆီရောင်းချသော ဆီဆိုင်များအား စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားသော ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက စက်သုံးဆီဆိုင်များတွင် LED ဆိုင်းဘုတ်တပ်ဆင်၍ ရောင်းချစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချစေရေး၊ စက်သုံးဆီအရည်အသွေးပြည်မီရေး၊ အလေးချိန်အတွယ် ပြည့်မီမှန်ကန်စေရေး၊ ခွဲဝေရရှိသော ခွဲတမ်းများအတိုင်း အပြည့်အဝရောင်းချပေးရေး၊ ဆီသိုလှောင်ထားခြင်း မပြုကြစေရေး၊ နေ့စဉ်သတ်မှတ်ဈေး ရည်ညွှန်ဈေးအတိုင်း ရောင်းချစေရေး၊ နေ့စဉ်ဈေးနှုန်းများကို ဝယ်ယူသူအများ ပြည်သူသိရှိနိုင်စေရန် LED ဆိုင်းဘုတ်များ တပ်ဆင်၍ ရောင်းချသွားစေရေးနှင့် မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး တင်ပို့သယ်ဆောင်လာသော ဆီဘောက်ဆာကားများ အချိန်မီရောက်ရှိစေရေးတို့အတွက် လိုအပ်ပါက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)