တောင်တွင်းကြီး ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အခွန်းဦးစီးဌာနရုံးတွင် ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်၍ ရောင်းချခြင်း/ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ လွတ်ကင်းမှုမရှိစေဘဲ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေသို့ ပွင်းလင်းမြင်သာစွာ ရောက်ရှိနိုင်သည်ကို သိရှိနိုင်စေရန်ရည်ရွယ်၍ အများပြည်သူသိရှိလိုက်နာရေး အခွန်ပညာပေး ဟောပြောဆွေးနွေးပွဲကို ဩဂုတ်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်သည့် ကုန်သွယ်လုပ်ငန်းခွန်၊ လုပ်ငန်းရှင်၏တာဝန်များ၊ အခွန်အမှတ်တံဆိပ်မှာကြားခြင်းနှင့်ထုတ်ယူခြင်း၊ အခွန်အမှတ်တံဆိပ် သတ်မှတ်ချက်၊ အခွန်အမှတ် တံဆိပ် ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်း၊ ကြေညာလွှာတင်သွင်းခြင်းနှင့် ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များအကြောင်းကို မြို့နယ်အခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လွင်လွင်ထွန်းက အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေထည်လက်ဝတ် ရတနာရောင်းချသည့် လုပ်ငန်းရှင်များနှင့် လက်ကိုင်ဖုန်း (Handset)နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်သည့် လုပ်ငန်းရှင်များ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)