တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းပြုလုပ်

တမူး သြဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ သြဂုတ်လ (၁၆) ရက်နေ့ နေ့လယ် (၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် မှစာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တမူးမြို့ စာပေချစ်သူများ အဖွဲ့ဝင် ဦးကျော်မင်းဌေးနှင့် အဖွဲ့ဝင်များမှ စာရေးဆရာ ကိုကိုလင်း(အမေ့အိမ်) ရေးသားသည့် တိုင်းပြည် အနာဂတ်ကို ထုဆစ်ခြင်း (ခံစားမှုအတွေးစာစု) စာအုပ်မှ လူငယ်တို့အတွက် ကဗျာလက်ဆောင်၊ သွန်သင်မှုမပါသော ဆုံးမမှုများ၊ ဝါသနာနှင့်ယုံကြည်ရာ စသည့် အကြောင်းအရာများကို ဖတ်ရှုခဲ့ကြပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ တမူးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တမူးမြို့ရှိ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တမူးခရိုင်ရုံးမှ ပြည်သူများ စာဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အမြင်သစ်များ မျှဝေတတ်စေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရတနာ