၂၀၂၃ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ဟားခါး         သြဂုတ်       ၁၇

၂၀၂၃ ခုနှစ်၊ ပြည်နယ်အဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၇ ရက်  နံနက် ၁၀ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယခုကဲ့သို့ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းမှာ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး သြဂုတ်လ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံဖြိုးရေးရက် သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၏ ယခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်မှာ “လုပ်ငန်းခွင်မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ မိခင်နို့ဟာ ကလေးအတွက် ပထမဆုံးအစာအာဟာရဖြစ်ပြီး မွေးစကလေးမှ အသက် ( ၆ ) လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရန်လိုအပ်ပြီး စနစ်တကျတိုက်ကျွေးနိုင်ဖို့အတွက် မိဘတိုင်းမှာ တာဝန်ရှိကြောင်း၊ ထို့အတူ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကို သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြားများ  ပုံမှန်တိုက်ကျွေးခြင်းအပြင် အစာအုပ်စုများ အားလုံးစုံလင်အောင် စားသောက်တတ်စေရန် ပညာပေးခြင်းနှင့် အာဟာရပြည့်ဝအောင် ပြင်ဆင်ချက်ပြုတ်နိုင်ရေးအတွက် ချက်ပြုတ်သရုပ်ပြသခြင်း၊ စံပြမိခင်ဆုချီးမြှင့်ခြင်း စသည်တို့အား ကျေးလက်ဒေသများအထိ ကျင်းပပြုလုပ်ပေးကြရန် လိုအပ်ပါကြောင်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ် လူချွန်လူကောင်းများ ပေါ်ထွက်စေရန်အတွက် အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။  

ထို့နောက်  ကိုယ်ဝန်ဆောင်မိခင်များအား ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ နို့တိုက်မိခင်များ အား ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းက လည်းကောင်း  အာဟာရဖြည့်အစားအစာများ ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက (၅)နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်(အေ)တိုက်ကျွေးပြီး လက်ဆောင်ပစ္စည်းများပေးအပ်၍ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ပြသထားသော အာဟာရပညာပေး ရုပ်ပုံကားချပ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)