မြိတ် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မီးသတ်တပ်ဖွဲ့၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် စက်လှေမောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များအား စက်လှေမောင်းနှင် ပိုမိုကျွမ်းကျင်စေရန်နှင့် ပြည်သူလူထုအား ထိရောက်စွာကူညီပေးနိုင်ရန်အတွက် ဖွင့်လှစ်လျက်ရှိသော စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ) သင်တန်းကို ယနေ့ နံနက်(၈)နာရီက မြိတ်ခရိုင်မီးသတ်ဦးစီးဌာန ခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
သင်တန်းကို မီးသတ်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသည့် ရှာဖွေကယ်ဆယ်ရေးရေယာဉ်အမျိုးမျိုး ကိုင်တွယ်မောင်းနှင်ရာ၌ ရေယာဉ်မောင်းသူ တစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ် သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြင်မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေများကို ကျွမ်းကျင်စွာမောင်းနှင်တတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းတွင် လက်တွေ့ရေယာဉ်မောင်းနှင်ခြင်း၊ စက်လှေတစ်စီး၏ အခြေခံဖြစ်သော အလုပ်လုပ်ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိကအစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ပဲ့ထိန်းစနစ်အလုပ်လုပ်ပုံ၊ မီးငြှိမ်းသတ်ရေးအတွက် ရေစုပ်ရေပက်ခြင်း သင်ခန်းစာများ၊ စက်လှေနှင့်သက်ဆိုင်သော သင်ခန်းစာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းနှင်သူများအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်များကို ပိုမိုကျွမ်းကျင်အောင် စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစန်းဦးက သင်တန်းသားများအား မီးသတ်တပ်ဖွဲ့၏ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များသည် စက်လှေမောင်းနှင်ရာ၌ ကျွမ်းကျင်မှုရှိမှသာ ပြည်သူလူထုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တတ်ကျွမ်းထားသည့် ပညာရပ်များဖြင့် စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့ဝင်ကောင်းဖြစ်အောင် ကြိုးစားသွားကြရန် သင်တန်းဆင်းအမှာစကားပြောကြားသည်။ သင်တန်းကို သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် ရက်သတ္တပတ်(၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )