မြိုင်ကြီးငူအထူးဒေသ (၄၀၀) ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေးအတွက် နည်းပညာပေးဆွေးနွေး

လှိုင်းဘွဲ အောက်တိုဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက် မည့် (၄၀၀) ဗို့အားလိုင်း လျှပ်စစ်မီးလင်းရေးအတွက် နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က မာလာမြိုင်ရပ်ကွက်ဇရပ်၌ ဆောင်ရွက်ခဲ့သည်။

မြိုင်ကြီးငူအထူးဒေသအတွင်း ဖွင့်ဖြိုးမြင်၊ မိုးအေးမြိုင်၊ ဆွေချမ်းရိပ်မြိုင်၊ နန်းဟေမြိုင်၊ ကံ့ကော်မြိုင်နှင့် ချယ်ရီမြိုင် ရပ်ကွက်များတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် (၄၀၀) ဗို့အား လိုင်းလျှပ်စစ်မီးလင်းရေး  (၂၇၆၀၈ ပေ) လုပ်ငန်းအတွက် လုပ်ငန်း၏ ဒီဇိုင်းအား နားလည်ပြီး စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ စီမံကိန်းလုပ်ငန်းအား ကြီးကြပ်တတ်စေရန်၊ ဝယ်ယူရေး အစီအစဉ်၊ လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်၊ ရသုံးမှန်းခြေဇယားများ ရေးဆွဲ အသုံးပြုတတ်စေရန်နှင့် လူမှုဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် အကာအကွယ်များအား လိုက်နာ ဆောင်ရွက်တတ်စေရန်အတွက် နည်းပညာပေး ဆွေးနွေးခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အင်ဂျင်နီယာအကြံပေး ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့၊ မြိုင်ကြီးငူအထူးဒေသ အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)