သရက်ချောင်းမြို့နယ်တွင် ငှက်ဖျားရောဂါကင်းဝေးရေးဆိုင်ရာ လုပ်ငန်းများ မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြား

သရက်ချောင်း ဩဂုတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဗဟိုငှက်ဖျား ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ လမ်းညွှန်ချက်အရ တိုင်းဒေသကြီးငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းအား ပြည်သူများ ငှက်ဖျားရောဂါဖြစ်ပွားပါက ထိရောက်စွာကာကွယ်ကုသနိုင်ရန် ရည်ရွယ်၍ ငှက်ဖျားရောဂါ ကင်းဝေးရေးဆိုင်ရာ လုပ်ငန်းများ မွမ်းမံသင်တန်းကို ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ အချိန်တွင်လည်း သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာလီဝင်း၊ WHO မှ ဒေါက်တာသော်ဇင်အောင်၊ ဆေးဘက်ကျွမ်းကျင်–၃ ဦးဇော်လွင်တို့က မြို့နယ်အတွင်းကျန်းမာရေးဝန်ထမ်းများအား ငှက်ဖျားရောဂါကင်းဝေးရေးနှင့် ပတ်သက်၍ မြို့နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်း၊ ငှက်ဖျားရောဂါကူးစက်ပုံအဆင့်ဆင့်၊ ငှက်ဖျားပိုးတွေ့ရှိသူ တစ်ဦးချင်းစီမှ ထပ်မံကူးစက်မှုမရှိအောင် ဆောင်ရွက်ပုံအဆင့်ဆင့်၊ ငှက်ဖျားရောဂါကင်းဝေးရေး၏ WHO သို့ တင်ပြရမည့် အထောက်အထားများ၊ ငှက်ဖျားရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ အကြောင်းကို စာတွေ့/လက်တွေ့ဖြင့် သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းကို ဩဂုတ်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအထိ၊ မြို့နယ်အတွင်းကျန်းမာရေးဝန်ထမ်း (၃၃)ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်း တိုင်းဒေသကြီးငှက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးဘက်ကျွမ်းကျင်–၃ ဦးဇော်လွင်ထံမှ သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)