ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကျင်းပ

လွိုင်ကော် ဩဂုတ် ၁၇

အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ အသိပညာတိုးပွားစေရန်ရည်ရွယ်ကာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု  အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် သတ်မှတ်ခဲ့ပုံများ၊ ကျန်းမာရေးရက်သတ္တပတ်အလိုက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေး များသည် အာဟာရချို့တဲ့မှု မဖြစ်ပေါ်စေရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက် အစားအစာများ စနစ်တကျကျွေးမွေးရသည့် နည်းလမ်းများ၊ အာဟာရအပေါ် မူတည်၍  ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ရောဂါကာကွယ်နိုင်မှုစသည့် အကြောင်းအရာများနှင့် ကျန်းမာရေး ရက်သတ္တပတ်အလိုက် ဆောင်ရွက်ရန်လျက်ရှိသည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြည်သူလူထုအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်တို့က ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုအား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ခန်းမအတွင်းခင်းကျင်း ပြသထားရှိသည့် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာဖွံ့ဖြိုးရေး ရက်သတ္တပတ်အထိမ်းအမှတ် မှတ်တမ်းများအား ကြည့်ရှုအားပေးခဲ့ပြီး အသက်(၅)နှစ်အောက် ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရ ဆေးပြားများ ပေးအပ်ခဲ့ကြောင်း သိရှိသည်။

ခရိုင်(ပြန်/ဆက်)