ရေနံချောင်းမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရေနံချောင်း ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) က ကြီးမှူးကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU) ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းကာ အကျိုးအမြတ်တွက်ချက်ပြီး ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်တာကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် မိမိတို့ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကိုစောင့်ထိန်းပြီး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အဂတိကင်းရှင်းစွာ ဆောင်ရွက်စေလိုကြောင်း၊ (CPU)အဖွဲ့သည် ဌာနအလိုက် လာဘ်ပေး လာဘ်ယူမှုနှင့်သက်ဆိုင်သော အဂတိလိုက်စားမှုပြဿနာများကို စိစစ်ဖော်ထုတ်ခြင်း၊ တွေ့ရှိလာသောပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းခြင်း၊ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေး တားမြစ်ထိန်းချုပ်ခြင်းစသည့် လုပ်ငန်းတာဝန် (၃) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး (CPU) အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အတွက်ရသင့်ရထိုက်သော အခွန်းဘဏ္ဍာများ၊ အဂတိလိုက်စားမှုတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် ပြစ်မှုဖြစ်စဉ်များ ပြစ်မှုဖြစ်ပွားလာပါက စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုထင်ရှားပါက အပြစ်ပေးအရေးယူခံရနိုင်သည့် ဥပဒေပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အဂတိလိုက်စားမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို အတားအဆီးဖြစ်စေခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အဟန့်အတားဖြစ် စေခြင်း၊ စီးပွားရေးကုန်ကျ စရိတ်တိုးမြင့်စေခြင်း၊ အရင်းအမြစ်ခွဲဝေသုံးစွဲမှုတွင် မမှန်မကန်ဖြစ်စေခြင်း၊ ဆင်းရဲနွမ်းပါးမှုတိုးပွားစေခြင်း၊ အများပြည်သူ ယုံကြည်မှုပျက်ယွင်းစေခြင်းစသည့် အကြောင်းအရာများကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသောအကြောင်းအရာများကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်(CPU)အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူးဦးဌေးကို၊ ပြည်တွင်းအခွန်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးစန်းမြင့်၊ မြို့နယ်ဥပဒေအရာရှိဒေါ်ရွှန်းလဲ့အောင်၊ မြို့နယ်စာရင်းစစ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ဆွေ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)