ပွင့်ဖြူမြို့နယ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄) ဦးအား Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ

ပွင့်ဖြူ     အောက်တိုဘာ      ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၄)ဦးအား ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်  ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ သံဃာကုသဆောင်တွင် Test Kit ဖြင့် စစ်ဆေးရာ တစ်ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိသူမှာ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာနေသူ အသက်(၃၂)အရွယ် အမျိုးသားဖြစ်ပြီး တိုင်းခြားခရီးသွားလာရန်အတွက် ကိုဗစ် - ၁၉ ရောဂါပိုး ရှိ/ မရှိ လာရောက် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ပိုး တွေ့ရှိခဲ့သည့် အတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပွင့်ဖြူမြို့၊ (အ.ထ.က) ကျောင်းရှိ ယာယီသီးခြားလူနာ ကုသဆောင်တွင် ပို့ဆောင်ထားရှိပြီး လိုအပ်သော ကျန်းမာရေးဆေးကုသမှုများ ဆောင်ရွက် ပေးထားကြောင်းနှင့် ၎င်းပိုးတွေ့လူနာအား မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်ပေးသူ အမျိုးသား အား ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း Facility Quarantine Centre တွင် ထားရှိ၍ စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၏ ဦးဆောင် မှုဖြင့် ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံမြို့မိမြို့ဖများ ပူးပေါင်းပြီး မြို့အဝင်၊ အထွက် နေရာများတွင် (၂၄)နာရီ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ထားရှိပြီး မြို့နယ်အတွင်း ဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်ကြီးများနှင့် မော်တော်ယာဉ်များကို ရပ်တန့် စစ်ဆေး၍ ခရီးသွားလာခွင့် ထောက်ခံစာ ပါ/ မပါ စစ်ဆေးခြင်း ၊ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များ စာရင်း ကောက်ယူခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းစစ်ဆေးခြင်း ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လိုက်နာရန်အချက်များကို အသိပညာပေး ဟောပြောခြင်းများ စစ်ဆေးဆောင်ရွက်လျက်ရှိသည့်အပြင်  မြို့နယ်အတွင်းရှိ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကိုလည်း မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆေး ကုသဆောင်တွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း Test Kit ဖြင့် ကိုဗစ်ပိုး ရှိ/မရှိ ကြပ်မတ် စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်ထံက သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)