ကဝ ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ်လ (၁၆) ရက်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းက ဩဂုတ်လ၏(ပထမ) ရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်၊ (ဒုတိယ)ရက်သတ္တပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (တတိယ)ရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (စတုတ္ထ)ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေးရက်သတ္တပတ်အနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား သံဓာတ်အားဆေးနှင့် ဗီတာမင်ဘီဝမ်းဆေးများပေးဝေခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသက်ငါးနှစ်အောက် ကလေးငယ်များနှင့် ကိုဝန်ဆောင်မိခင်များအား ကြက်ဥ၊ ပဲနို့ စသည့်အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)