ဘိုကလေး ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)မှ မြို့နယ်နာယကဩဝါဒဆရာတော်ကြီးများအား မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ပထမအကြိမ်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ဩဂုတ်လ ၁၆ ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်၌ ကျင်းပသည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး ဆရာတော်ကြီးများအား ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းသားများနှင့်အတူ ဝါဆိုသင်္ကန်းမြတ်ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။
ထို့အပြင် အသင်း၏ ဩဝါဒစရိယ ကျော်ဇံထေရဝါဒကျောင်းတိုက်ဆရာတော်မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်ရာသို့ တက်ရောက်ကြသူများမှစုပေါင်းကာ ဘိုကလေးမြို့နယ်မှ နှုတ်ခမ်းကွဲဝေဒနာရှင် ကလေးငယ်နှစ်ဦးအား ဆေးကုသမှုစရိတ်အဖြစ် စုပေါင်းအလှူငွေ (၄) သိန်းခွဲကျပ်အား လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)