ကြံခင်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်ထိ ကလေးများ ကျန်းမာသန်စွမ်းစေရေးနှင့် အာဟာရဖွံ့ဖြိုးစေရန် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် မိခင်နို့ စနစ်တကျ တိုက်ကျွေးရေး (၅)နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုအား အသိပညာပေး ပြောကြားသည်။
ဆက်လက်ပြီး မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်က အာဟာရ ဖွံ့ဖြိုးမျှတစေရန် အစာအုပ်စု(၃)စုမှ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသော အစာများ၊ အင်အားဖြစ်စေသော အစားအစာနှင့် ရောဂါ ကာကွယ်စေသော အစားအစာများကို အာဟာရ မျှတစွာ စားသုံးကြရန်နှင့် အိုင်အိုဒင်းဆား နေ့စဉ်စားသုံးပေးရေးနှင့် ကိုယ်ဝန်ဆောင်စဉ် လိုအပ်သော အာဟာရဓာတ်များ၊ ပို၍ စားသုံးသင့်သော အစားအစာများအား အသိပညာပေး ဆွေးနွေးပြောကြားပြီးနောက်၊ (၅)နှစ်အောက် ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရအုပ်စုများနှင့် ပတ်သက်၍ ဉာဏ်စမ်းအမေး၊ အဖြေများ မေးမြန်းကြပြီး အာဟာရပြည့်ဝစေရန် နို့ဆန်ပြုတ်များ တိုက်ကျွေးခြင်း၊ ပဲနို့အချိုရည်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ကြသည်။ အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် ကလေးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြကာ အာဟာရဖွံဖြိုးရေး အသိပညာပေး ပြခန်းငယ်အား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)