တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၂၄) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဩဂုတ် ၁၈

(၂၄) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၂၄) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်တွင် သွားရောက်ယှဉ်ပြိုင်နိုင်အောင် ပြည်စုံစွာဖြင့်ပါဝင်ဆင်နွဲနိုင်ရေး၊ ရသင့်ရထိုက်သော ဆုတံဆိပ်များရရှိနိုင်ရေးအတွက်ညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ ပြိုင်ပွဲအနေဖြင့် အချိန် နီးကပ်လာပြီးဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီများကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ပြိုင်ပွဲအမျိုးအစား (၂၅) မျိုးရှိပြီး ယခင်နှစ် က(၁၄)မျိုးပြိုင်ပွဲဝင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်ပြိုင်ပွဲအမျိုးအစားတိုး၍ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက်ကြိုးစား ဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝင်ရောက်ယှဉ်ပြိုင်မည့် အနုပညာရှင်များအပေါ်မူတည်ပြီး ရွေးချယ်ရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားရိုးရာအကတွင် (ရှမ်း) အကကို ကြိုတင်ပြင်ဆောင်ရွက်ထားရှိရန်လိုအပ်ပြီးတက်ရောက် လာသောကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသောလုပ်ငန်းကော်မတီဝင်များဖြစ်သော ပြိုင်ပွဲကျင်းပရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင်စိစစ်ရွေးချယ်ရေး၊ အခမ်းအနားပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ကြိုဆိုနေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ဧည့်ခံကျွေးမွေးရေး စသည့်လုပ်ငန်းကော်မတီများကရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)