မြဝတီ အောက်တိုဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ယနေ့ ဆေးရုံဆင်းခွင့်ရခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ထံမှ သိရသည်။
မြဝတီမြို့နယ်မှာ ကိုဗစ်-၁၉ လူနာ ၂၈ ဦးရှိပါတယ်၊ ၂၇ ဦးကတော့ NHL ရဲ့ အတည်ပြုချက်ရရှိပြီး ဖြစ်ပြီး ၁ ဦးကတော့ NHL အဖြေစောင့်ဆိုင်းဆဲ ဖြစ်ပါတယ်၊ ဒီ ၂၈ ဦးအနေနဲ့ ပြောမယ်ဆိုရင် မူလက ဆေးရုံဆင်းခွင့်ရတဲ့သူ ၃ ဦး၊ အခု ဆင်းတာ ၁၁ ဦး၊ သေဆုံး ၁ ဦး စုစုပေါင်း ၁၅ ဦးပေါ့၊ အဲ့ဒီတော့ ကျန်တဲ့ ၁၃ ဦးကိုတော့ မြဝတီ ဆေးရုံကြီးရယ် သင်္ဃန်းညီနောင် ဆေးရုံရယ်မှာ စောင့်ရှောက်ကုသမှုတွေ လုပ်ပေးနေတာ ပါဟု မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရသူများမှာ မြဝတီဆေးရုံကြီးမှ ၉ ဦး၊ သင်္ဃန်းညီနောင် ဆေးရုံမှ ၂ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ပြီး ထပ်မံ၍ အသွားအလာကန့်သတ်ထားဖို့လည်း စီစဉ်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)