စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲအား တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများ ယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာ နေရာဒေသအသီးသီးတွင် သင်ကြားရေးတာဝန်သာမကဘဲ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ဦးဆောင်နိုင်သူဖြစ်ရန် လိုအပ်သကဲ့သို့ ယဉ်ကျေးမှုအမွေ အနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်းလို အပ်ပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ်များအား မိမိကိုယ်တိုင် ထိန်းသိမ်းရုံသာမကဘဲ ကျောင်းသားလူငယ်များ မိဘပြည်သူများအားလုံး ပါဝင်ဆောင်ရွက်ရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲတွင် ဆွေးနွေးပို့ချမည့် ဘာသာရပ်များအား စိတ်ဝင်တစားသင်ယူလေ့လာကြရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးပြီး ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား မိမိတို့တာဝန်ကျရာ ဒေသအသီးသီးရှိ ကျောင်းသားလူငယ်များ၊ မိဘပြည်သူများကို ပြန်လည်မျှဝေပြီး မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ငွေကျပ် ၆,၇၅၀,၀၀၀/- (ခြောက်ဆယ်ခုနှစ်သိန်းငါးသောင်း) နှင့် မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်းအတွက် ငွေကျပ်  ၁၀ သိန်းအား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မင်းမင်းသိမ့်က ကြိုဆိုနုတ်ခွန်းဆက် စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် သင်တန်းသား၊သင်တန်းသူများမှ တိုင်းရင်းသားရိုးရာသီချင်းများဖြင့် ကပြဖျော်ဖြေကြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

အဆိုပါ တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ /၂၀၂၃ သို့ ဟုမ္မလင်း မြို့နယ်၊ ဖောင်းပြင်မြို့နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်