ကန်ကြီးထောင့် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း သစ်အခြေခံပရိဘာဂသင်တန်းကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က အနောက်စုကြီးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်ဖြိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဥ္ဇူဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ခေတ်မီစံပြကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအား အနောက်စုကြီးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာရှိစီမံကိန်းကော်မတီဝင်များသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက သင်ထောက်ကူပစ္စည်းများအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား(၁၀)ဦးတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလမှ ဩဂုတ်လ(၁၆)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိဖြစ်သည်။ သင်တန်းနှင့်ပတ်သက်သည့် မွမ်းမံသင်တန်းအား အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)