သရက်မြို့နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ အကြောင်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

သရက် ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ဩဂုတ်လ(၁၄)ရက် မွန်းလွဲ (၂) နာရီက သရက်မြို့နယ် မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် သရက်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာခင်ဌေးမြင့်က ကျွဲနွားများတွင် ဖြစ်ပွားတတ်သော အရေပြား အကြိတ်ရောဂါ၊ လျှာနာခွာနာနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါများအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာညိုဝင်းက နွားများတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများနှင့် ကာကွယ်ဆေးများအကြောင်းနှင့် ဝက်မွေးမြူမှု ဖွံ့ဖြိုးစေရေး ရည်ရွယ်ချက်များ ပြောကြားရာမှာ စားနပ်ရိက္ခာထုတ်လုပ်မှု တိုးတက်စေရန်၊ တစ်နိုင်ငံလုံး အသားတင်ထုတ်လုပ်မှု တိုးတက်စေရန်၊ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူသူများ ဝင်ငွေတိုးတက်လာစေခြင်းဖြင့် ဒေသဖွံ့ဖြိူမှု အထောက်အကူပြုရန်နှင့် လူတစ်ဦးချင်း အသားစားသုံးမှုနှုန်း တိုးတက်လာစေရန်တို့ ပြောကြားပေးခဲ့ပြီး တက်ရောက်လာသူများအား ဝက်မွေးမြူရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)