ပွင့်ဖြူ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပဖွင့်လှစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဦးစွာ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်း၌ ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သင်တန်းကို ဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်/ကျေး ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မှုခင်းနှင့် သက်ဆိုင်သော လုပ်ထုံးလုပ်နည်း၊ ဥပဒေ နည်းဥပဒေများ၊ ငွေစာရင်း ခေါင်းစဉ်အမျိုးအစားအလိုက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အခွန်ပေးဆောင်ခြင်းနှင့် မပေးဆောင်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်) ပြုလုပ်ခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရာ၌ လိုအပ်သည့် အထောက်အထား အချက်အလက်များ၊ လယ်ယာမြေအား အခြားနည်းဖြင့် တရားမဝင် ပြုလုပ်ဆောင်ရွက်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များနှင့် လယ်ယာမြေစီမံခန့်ခွဲမှုဥပဒေ ၊ နည်းဥပဒေများနှင့် အညီ လယ်ယာမြေအား အခြားနည်း သုံးစွဲခွင့်ရရှိရေး လျှောက်ထား ဆောင်ရွက်ရမည့်လုပ်ငန်းများ ၊ သီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ သီးနှံဝင်ငွေ တိုးပွားရေးနှင့် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်စေရေးအတွက် နှစ်သီးစား၊ သုံးသီးစား သီးထပ်သီးညှပ် စိုက်ပျိုးရေးနည်းလမ်းများနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ သီးနှံပိုးမွှားရောဂါ မကျရောက်စေရေး ကြိုတင်ကာကွယ်ရမည့် လုပ်ငန်းများ စသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ သိရှိလိုက်နာဆောင်ရွက်ရမည့် အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း စုစုပေါင်း သင်တန်းသား ဦးရေ ၁၂၃ ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် ယင်း သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )