ပေါက်ခေါင်း ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တောင်သူများ၏ လယ်ယာမြေ များတွင် ဆီထွက်သီးနှံ မိုးမြေပဲနှင့်မိုးနှမ်း (၅၀၁၆၅) ဧက ကို ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၌ ဆီထွက်သီးနှံများကို တောင်သူများ၏ လယ်၊ယာ၊ကိုင်းကျွန်းမြေများတွင် မေလလယ်ခန့်က စတင်စိုက်ပျိုးခဲ့ရာ ယခုအခါ တောင်သူများ စိုက်ပျိုးထားသည့်မိုးနှမ်းများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။
တာကောက်ကျေးရွာ မိုးနှမ်းစိုက်တောင်သူတစ်ဦးကလည်း “မနေ့က စရိတ်ပါတယ် ရိတ်ပြီး မှည့်အောင် စုပုံပြီး အုပ်ထားပေးထားရပါတယ်။ ပြီးတော့မှ ဖိုခနောင့်ဆိုင်ထောင် နေလှမ်း ရပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ နှမ်းခါတဲ့အဆင့်ရောက်ပါတယ်။ အခုနှစ်ပေါက်ဈေး ကတော့ နှမ်းတစ်တင်းကို ကျပ်တစ်သိန်းကျော် ဈေးရတယ်လို့ပြောကြပါတယ်။ နောက်တစ်ပတ် လောက်ဆိုရင်တော့ ဈေးကွက်ကို ရောင်းချလို့ရပါပြီ။ အခုနှစ်က နှမ်းစိုက်တောင်သူတွေ ပိုးမွှားကင်းပြီး အောင်မြင်ဖြစ်ထွန်းကြပါတယ် " ဟု ပြောသည်။
ပေါက်ခေါင်းမြို့နယ်တွင် မိုးမြေပဲ(၁၂၁၂၈)ဧကနှင့် မိုးနှမ်း(၃၈၀၃၇)ဧက စုစုပေါင်း(၅၀၁၆၅)ဧက ကို စိုက်ပျိုးထားရှိပြီး စိုက်ခင်းများမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းစေရန်နှင့် စိုက်ပျိုးနည်း စနစ် မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက စိုက်ခင်းများ အရောက် ကွင်းဆင်း၍ လိုအပ်သည်များကို နည်းပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲ စသည့်ဆီထွက်သီးနှံများကိုတိုးချဲ့စိုက်ပျိုးနိုင်ရန် မိုးမြေပဲ ၁၅၃၃၄ ဧက၊မိုးနှမ်း ၃၈၀၄၆ ဧကတို့ကို လျာထားစိုက်ပျိုးခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)