မကွေး ဩဂုတ် ၁၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုလဲရွှေရည်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်) ဒုတိယဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်တန်းတွင် သင်ကြားသည့် လက်တွေ့သင်ကြားမှုများအား လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြု၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဖန်တီးစေလိုပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများအား ပိုမိုအဆင့်တက်တတ်မြောက်စေရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်သလို လုပ်ငန်းရှင်များမှလည်း မိမိတို့ဝန်ထမ်းများဘဝ တိုးတက်မြင့်မားစေရေးနှင့်ဟိုတယ်လုပ်ငန်းများ ပိုမိုအောင်မြင်စေရေးအတွက် အစဉ်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသသို့ လာရောက်သည့် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် Memorable Trip ဖြစ်စေရန် ဟိုတယ်များနှင့်ဝန်ထမ်းများသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိရာ ယခုဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းသည် အလွန်အကျိုးရှိမည်ဖြစ်ပါကြောင်းနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးခဲ့သည့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းတွင် သင်တန်းအမျိုးအစားအလိုက် ပထမဆုရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက ဆုတံဆိပ်များနှင့်ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ဒုတိယဆုရရှိသူများအား ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်) ဒုတိယဥက္ကဋ္ဌက ဆုတံဆိပ်များနှင့်ဂုဏ်ပြု လက်ဆောင်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းတွင် ဧည့်ကြိုသင်တန်း(FO)၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှုသင်တန်း(HK)၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှုသင်တန်းစသည်ဖြင့် ဝန်ဆောင်မှုသင်တန်း(၃)မျိုးအား ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/သူ(၈၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)