ပုသိမ် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃)အား ယမန်နေ့နံနက်ပိုင်းက အဆိုပါကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်း ကံ့တော်တန်းသီတန်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှုအများဆုံးဖြစ်ပြီး ပညာရေးကိုလိုလားသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများ ခန့်အပ်သည့်အတွက် တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှုတွင် အဆင်ပြေလာမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာ နေရာများတွင် ဆရာ/ ဆရာများ တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် ကူညီသင်ကြားပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြသူများဖြစ်ကြပါကြောင်း၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့် နာသုံးနာကိုအရင်းတည်၍ စာဖတ်နာသူများ၊ စံနမူနာပြများဖြစ်စေရေး ဆောင်ရွက်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများအား ပြုစုပျိုးထောင်ပေးနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ် ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” အမှာစကားများပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက ဆွေးနွေးပွဲတက်ရောက်နေသော တိုင်းရင်းသာဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေးပေးမည့်ဘာသာရပ်များအား တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအကဖြင့် ဖျော်ဖြေမှုနှင့် (၄)နှစ်သင် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများနှင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကာ နေ့လယ်စာများ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)