ဘိုကလေး ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ဩဂုတ်(၁၄)ရက်နေ့မှစတင်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၃) စတင်ဖွင့်လှစ်ခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်(၂)နာရီတွင် အဆိုပါ သင်တန်းဖွင့်ပွဲကျင်းပရာ သင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ တိုင်းရင်းသားဘာသာစကားသင် ဆရာ/မ (၂၄၁)ဦးတက်ရောက်ကြပြီး ဩဂုတ်(၂၅)ရက်နေ့အထိ ဆွေးနွေးပွဲတက်ရောက်ရမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုဆွေးနွေးပွဲသို့ လာရောက်တက်ရောက်ကြသော ဆရာ/မများသည် တိုးတက်ပြောင်းလဲလာသောပညာရေးကို မျက်ခြေမပြတ်အစဉ်လေ့လာသင်ယူပြီး မိမိတို့ကိုယ်တိုင် ထာဝရကျောင်းသားကြီးများအဖြစ် ခံယူကြရန်လိုအပ်ကြောင်း၊ ပညာရေးစနစ်တိုးတက်မြင့်မားရေးအတွက် ဆရာ/မများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါသည့်အတွက် ယခုကဲ့သို့ အရည်အသွေးမြှင့်သင်တန်းများ၊ ဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာများများ ဖတ်ရှုပြီး တပည့်များကိုလည်း စာများများဖတ်ကြရန် တိုက်တွန်းရန်လိုအပ်ကြောင်း၊ နာ(၃)နာကိုအခြေခံ၍ တပည့်များ စံနမူနာထားရမည့် ဆရာ/မများအဖြစ်သွားလာကျင့်ကြံနေထိုင်ကြရန်လိုအပ်ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်က ယခုဆွေးနွေးပွဲသို့တက်ရောက်ကြသူများအနေဖြင့် အခြေခံပညာတိုးတက်မြင့်မားရေးနှင့်အညီ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်အောင် အားထုတ်ဆောင်ရွက်ကြရန်လိုအပ်ပြီး အရည်အသွေးပြည့်ဝသော ကျောင်းသား/သူ လူငယ်၊ မောင်မယ်များ မွေးထုတ်သင်ကြားပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါ ဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်အားပေးအပ်ခဲ့ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ(၄)နာရီ၌ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာရှိ တောင်သူဦးစံသောင်း၏ လယ်ယာမြေသို့ သွားရောက်ကာ ပေါ်ဆန်းရင်(၆)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် အချိန်ကိုက် မြေဩဇာအချိုးကျသုံးစွဲမှု အခြေအနေများအား ကြည့်ရှုခဲ့ပြီး စပါးအထွက်တိုးရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)