ဘားအံ ဩဂုတ် ၁၇
သယံဇာတနှင့်ပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ(တတိယအကြိမ်) စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကွင်း၌ ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း သစ်ပင်စိုက်ပျိုးပွဲ(၈)ကြိမ်ဖြင့် အပင်ပေါင်း ၃၂၀၇ ပင်ကို ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ယနေ့တွင် အပင်ပေါင်း ၅၂၂ ပင်ကို လူထုလှုပ်ရှားမှုအသွင်ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သစ်ပင်များ စိုက်ပျိုးခြင်းအပြင် ထိန်းသိမ်းပြုစုရန်လိုအပ်ပြီး သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေရေး သစ်ပင်များရှင်သန်အောင်စိုက်ပျိုးခြင်းနှင့် သစ်တောများထိန်းသိမ်းခြင်း သာလျှင် ယနေ့ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များကို လျော့ပါးသက်သာစေမည့် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံဂေါက်ကွင်း စိမ်းလန်းစိုပြေရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး သူရမြင့်သူထံ သစ်ပင်များ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ် ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ ဝါးပိုးဝါး၊ မျှင်ဝါးဖြူအစရှိသည့် သစ်နှင့်ဝါး(၆)မျိုး၊ အပင်ပေါင်း ၅၂၂ ပင်ကို လူထုလှုပ်ရှား မှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထိုသို့ စုပေါင်းစိုက်ပျိုးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကရင်ပြည်နယ်အတွင်း သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်မိုးရာသီတွင် အပင်ပေါင်း ၃၅၇,၁၀၀ ပင် စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ သစ်တောစိုက်ခင်းပုံစံမျိုးစုံဖြင့် အပင်ပေါင်း ၂၇၆,၀၄၅ ပင်ကို စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ဆင်းသုခမျိုးစပါး စံပြစိုက်ခင်း(၅)ဧကအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား သဘာဝမြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဒိုင်းပြကုန်းကျေးရွာ၊ ကွင်းအမှတ်-၁၅၄၅၊ ဒိုင်းပြအောက်ကွင်းရှိ တောင်သူဦးကိုသုန်၏ လယ်(၅)ဧက၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုးတက်လာသည့် လူဦးရေ၏ စားရေရိက္ခာ ဖြည့်တင်းရန် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက်ပိုမိုတိုးတက်ထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အဓိကသီးနှံများ ဖြစ်သော ဆန်၊ ဆီ၊ ပဲ ဖူလုံအောင် သီးနှံများကို တစ်သီးမှ နှစ်သီး၊ သုံးသီးအထိ မိမိတို့လယ်ယာမြေများတွင် နေရာလပ် မကျန် အချိန်မီစိုက်ပျိုးသွားကြဖို့လိုကြောင်း၊ တောင်သူများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျယ်ကျယ် ပြန့်ပြန့်အစားထိုး အသုံးပြုကြရန်၊ မျိုးကောင်းမျိုးသန့်များပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ကျေးရွာတိုင်းမျိုးစေ့ထုတ် စိုက်ခင်းများထူထောင်ကြရန်နှင့် စားရေရိက္ခာဖူလုံရေးနှင့်သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ဒိုင်းပြ၊ ကွမ်ဘီ၊ မဲဆမိတ်၊ ကစို၊ ဝင်းစိန်၊ ပတ်ကျော ကျေးရွာများမှ မျိုးစေ့ထုတ် တောင်သူများအား သဘာဝမြေဩဇာ ၅၀ အိတ်နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ ၂၀၀ အိတ်တို့ကိုထောက်ပံ့ပေးအပ်ရာ တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသော တောင်သူလယ်သမားများသည် ဆင်းသုခမျိုးစပါးစံပြစိုက်ခင်း(၅)ဧကအား ဘားအံမြို့၊ အမှတ်(၂၀) စက်မှုလယ်ယာစခန်းမှ Kubota ခြောက်တန်းသွား ကောက်စိုက်စက်နှစ်စီးဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြမှုအား ကျေးရွာအုပ်စု(၆)အုပ်စုမှ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကာ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)