ရေတာရှည်မြို့နယ်၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရေတာရှည်  သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနန္ဒာညီဆွေက အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှု ရက်သတ္တပတ် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်သန်းသန်းမိုးက အာဟာရအစာအုပ်စုကြီးများ စုံလင်စွာ စားသောက်ရေးဖြည့်စွက်စာ ကျွေးမွေးရေးအကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး  မြို့နယ်​စီမံ​အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် အသက် ၆ လ မှ ၁ နှစ်အောက်ကလေးများအား  ဗီတာမင်အေအားဆေး တစ်သိန်း၊  အသက်တစ်နှစ်မှ ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေအားဆေး နှစ်သိန်း ၊  အသက် ၂ နှစ်မှ ၅ နှစ်အောက် ကလေးများအား သန်ချဆေးနှင့် ပျိုဖော်ဝင်ကျောင်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်ဆေးပြားများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

 

ရေတာရှည်(ပြန်/ဆက်)