ဟင်္သာတ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကျန်စစ်သားအဆောင်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဟောပြောပွဲကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အထက ၆ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရဲအုပ်လွှမ်းမိုးထွန်းမှ ကျောင်းသား ကျောင်းသူများ၊ လူကုန်ကူးမှု မခံရစေရေးနှင့် လူကုန်ကူးမှုဖြစ်စဥ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လူကုန်ကူးမှုဖြစ်စဥ်များတွင် ကလေးသူငယ်နှင့် အရွယ်ရောက်စလူငယ်များအား ပစ်မှတ်ထား လုပ်ဆောက်လာနိုင်မှုများနှင့် ပတ်သက်၍ ကျောင်းသားသူများအနေဖြင့် မိမိမိသားစုဝင်များမှအပ သူစိမ်းများအား အယုံမလွယ်ကြရန်၊ လာရောက်စည်းရုံးသိမ်းသွင်းပါက မိသားစုများထံ ပွင့်ပွင့်လင်းလင်းပြောပြတိုင်ပင်ကြရန် စသည်ဖြင့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီးနောက် ဆရာမကြီး ဒေါ်မြမြသိန်းမှ လာရောက်ဟောပြောပေးပါသော တာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ အမှတ်(၂၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်လွှမ်းမိုးထွန်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြသိန်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်(ဟင်္သာတ)