ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (သရက်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပ

သရက် ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များ အချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(သရက်) ဆရာဖြေခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားလာပြီး စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိလာစေရန်၊ ငယ်ရွယ်စဉ်မှစ၍ အစဉ်လေ့လာသင်ယူတတ်သည့် အလေ့အထကောင်းများရရှိလာစေရန် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက Moderator အဖြစ် ဆောင်ရွက်ကာ ကျောင်းသား/ကျောင်းသူ (၇)ဦးက ဆွေးနွေးခဲ့ရာ 1G-Mechanical power ကျောင်းသား မောင်ဝေလျှံဖြိုးက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လူငယ်များအတွက်ပညာရေးသည် အရေးပါကြောင်း၊ 1G-Mechanical power ကျောင်းသား မောင်နေဘုန်းလတ်က လူငယ်နှင့်ဘာသာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မည်သည့်ဘာသာမဆို ကိုယ်ကျင့်တရားကောင်းမွန်ရမည်ဟု ဆုံးမထားကြောင်း၊ 1G-Civil ကျောင်းသားမောင်စည်သူမောင်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် မူးယစ်ဆေးဝါးသည် ဆိုးကျိုးအန္တရာယ် ကြီးမားသည့်အတွက် လူငယ်များစမ်းသပ်မသုံးစွဲမိစေရန် ဆွေးနွေးကာ 2G-Electronic ကျောင်းသူမခင်စန္ဒာကျော်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်ဆွေးနွေးရာ အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ လူငယ်များအနေဖြင့် စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ 2G-Electrical power ကျောင်းသူ မဆုရတီထွန်းက လူငယ်နှင့်ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဆိုရှယ်မီဒီယာသည် ကောင်းကျိုးရော ဆိုးကျိုးပါရှိသဖြင့် စနစ်တကျသုံးစွဲတတ်စေရန် ပြောကြားခဲ့ပြီး 2G-Electrical power ကျောင်းသား မောင်လင်းဘိုဘိုသိန်းက လူငယ်နှင့်သတ္တိ ခေါင်းစဉ်ကိုဆွေးနွေးရာ စိတ်ပိုင်းဆိုင်ရာသတ္တိနှင့် ရုပ်ပိုင်းဆိုင်ရာသတ္တိ(၂)မျိုးကို ဆွေးနွေးခဲ့ကာ 1G-Civil ကျောင်းသူ မထက်ထက်လွင်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ စာပေဖတ်ရှုလေ့လာကြရန်နှင့် စာဖတ်နည်းစနစ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပါဝင်ဆွေးနွေးပေးခဲ့သည့် ကျောင်းသား/ကျောင်းသူ (၇)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲအား ကျောင်းသား/ကျောင်းသူများက ကြည်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)