မင်းဘူး ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ရေပြင်ရှာဖွေကူညီကယ်ဆယ်ရေး သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းကို ဩဂုတ် ၁၅ ရက်နံနက် ၁၁ နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ ဖိုးရှိုးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းတို့ ဦးဆောင်၍ ခရိုင်/မြို့နယ် သန္တေမီးသတ်တပ်ဖွဲ့ဝင်များက ရှပ်ပြေးရေယာဉ်နှစ်စီး၊ Intelegent Life Boay (Water Rescue Robot 1) နှစ်စီး၊ လူနာတင်ယာဉ် တစ်စီးနှင့် မီးသတ်စက်ယာဉ်တစ်စီးတို့ဖြင့် ဧရာဝတီမြစ်အတွင်း၌ အရေးပေါ်ရေပြင်ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ဇတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါသရုပ်ပြလေ့ကျင့်နေမှုအား မင်းဘူးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မိုးတွင်းကာလ ဧရာဝတီမြစ်ရေမြင့်တက်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေကူညီကူဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူးရုံးများနှင့် သက်ဆိုရာနယ်မြေခံမီးသတ်စခန်းများတွင် အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များကို လူ/ယာဉ်/စက်ယန္တရားများဖြင့် အရန်သင့်စုဖွဲ့ထားရှိကြောင်း၊ ခရိုင်နှင့်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက သက်ဆိုရာနယ်မြေခံမီးသတ်စခန်းများနှင့် အရေးပေါ်ဆက်သွယ်ရေးဖုန်းနံပါတ်များသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ မင်းဘူးမြို့ ဧရာဝတီမြစ် ရေအမှတ်သည် ၁၄၀၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ရောက်ရှိရန် ၂၉၂ စင်တီမီတာလိုသေးကြောင်း အဆိုပါဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။
မောင်မောင်(မင်းဘူး)