မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေး သြဂုတ် ၁၇

မကွေးတိုင်းဒေသကြီးအတွင်း ကျောင်းသား လူငယ်များအား အနာဂတ်တွင် စွမ်းရည်ပြည့်စုံသည့် နိုင်ငံသားကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၅ ရက် ဩဂုတ် ၁၅ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးသက်လေးဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နှစ်စဉ်သြဂုတ်လမှာ အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာပြီး ပူးပေါင်းပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရန်၊ ရေရှည်တည်တံ့စေရန် ရည်ရွယ်ချက်များနဲ့ ကျင်းပခြင်းဖြစ်ပြီး၊ ကျောင်းသားလူငယ်တွေကို အနာဂတ်မှာ စွမ်းရည်ပြည့်စုံသော နိုင်ငံသားကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက် ဖြစ်ပါကြောင်း၊ ကျောင်းသား လူငယ်တွေအတွက် ကျန်းမာပျော်ရွှင်တဲ့ ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်စေဖို့ ကျန်းမာရေးအဆင်မြှင့်ကျောင်း လုပ်ငန်းစဉ်(၉)ရပ် ချမှတ်ဆောင်ရွက်ထားပြီး ကျန်းမာရေးအဆင်မြှင့်ကျောင်းများကို ထူထောင်လျက်ရှိပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရမည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန် ကျောင်းကျန်းမာရေးလုပ်ငန်းဖြစ်တဲ့ ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားခြင်းဖြင့် အနာဂတ်မှာ နိုင်ငံတော်မှအားကိုးရတဲ့ အရည်အချင်းပြည့်ဝတဲ့ လူငယ်တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာနှုန်းပြည့် အောင်မြင်အောင်ဆောင်ရွက်သွားမှာဖြစ်ပြီး၊ လူငယ်ကိုအခြေခံသည့် အနာဂတ်ကို တည်ဆောက်ရာမှာ စာသင်ကျောင်းမှစပြီး ဗလငါးတန်ပြည့်စုံတဲ့ လူငယ်များ မွေးထုတ်နိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ အခြားနှီးနွယ်ဌာနများ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့ပူးပေါင်းပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် video clip ပြသဆောင်ရွက်ကာ၊ တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူးချွန်ဆုရရှိသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပိုစတာများ၊ ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ သွားတိုက်ဆေးနှင့် သွားတိုက်တံများ၊ နို့နှင့် ငှက်ပျောသီးများပေးဝေခြင်း သရုပ်ပြသဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုအားပေးကာ၊ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ