ဖြူး သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအာကာမှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက် မိခင်များအတွက် အာဟာရအကြောင်းနှင့် ဗီတာမင်ဘီဝမ်းအကြောင်းကိုလည်းကောင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဒေဝီမေက ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေဖြင့် ကိုယ်ဝန် ဆောင်ချိန်မှစ၍ အာဟာရရှိသော အစားအစာများအား ရွေးချယ်စားသုံးသင့်ကြောင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းမှ သံဓာတ်အာဟာရ ဗီတာမင်အေနှင့် မိခင်နို့တိုက်ကျွေးရေး အကျိုးကျေးဇူး များ၊အသက် (၂)နှစ်မှ(၅)နှစ် ကလေးငယ်များအား သံချဆေးတိုက်ကျွေးရပုံအကြောင်းကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ကြက်ဥ၊ ငှက်ပျောသီး၊ အိုင်အိုဒင်းဆားများ၊ ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)