တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားနှင့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်

ပုသိမ်   ဩဂုတ်   ၁၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားနှင့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက “ဖူးပွင့်ဝေဆာ ကျောင်းတော်သာ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအနေဖြင့် ပညာရေးကဏ္ဍတွင် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း(၇)ထောင်ကျော်အား ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းကျော်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်ပေးထားသည့်အတွက် တိုင်းရင်းသားများပညာသင်ယူမှုတွင် ပိုမိုအဆင်ေပြလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် လက်ဦးဆရာများဖြစ်ပြီး ဝါသနာ၊ စေတနာ၊ အနစ်နာများအရင်းတည်၍ သင်ကြား‌ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာတတ်ကြီးများ ဖြစ်လာရန် ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍအား  များစွာအရေးပါပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရန် လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိ၏တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမကြရမည့်သူများ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတာဝန်ကျရာကျောင်းများတွင် ကြုံတွေ့ရသည်များကို ဆွေးနွေးတိုင်ပင်ကြ၍ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေး အလေးထားဆွေးနွေးပေးကြရန်နှင့် တိုင်းဒေသကြီး၏  ပညာရေးနှင့် တိုင်းရင်းသားများ၏ ပညာသင်ကြားနိုင်မှုများ တိုးတက်ကောင်းမွန်စေရေး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း နှုတ်ဆက်အမှာစကားများပြောကြားပြီး အာဟာရပြည့်ကြက်ဥများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တက်ရောက်လာသည့်ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များမှ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ (၂၅၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄) အလတ်စား စက်ပြင်အလုပ်ရုံ(မြောင်းမြ)၌ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲ(၃/၂၀၂၃)အခမ်းအနားသို့ တက်ရောက်ပြီး ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ကျုံပျော်၊ မအူပင်ခရိုင်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်သည့်သင်တန်းသည် သုံးကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျန်ခရိုင်များတွင်လည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဆင့်ပွားသင်တန်းများလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ရိတ်သိမ်းချွေလှေ့စက်များအသုံးပြုရာတွင် စက်မောင်းများကိုင်တွယ်ထိန်းသိမ်းမှု အားနည်းပါက စပါးအလေအလွင့်ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသဖြင့် နွေစပါးအပြီး မိုးစပါးမရိတ်သိမ်းမီ သင်တန်းပေးရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ဧကအများဆုံး တိုင်းဒေသကြီးဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် (၂)ရာခိုင်နှုန်းမှ(၄)ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးမှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် မိုးစပါးတစ်ဧက (၁၀) တင်း အထွက်တိုးစေရေး ရည်မှန်းချက်ထား ဆောင်ရွက်နေသကဲ့သို့ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်သူများက ယခုသင်တန်းအား စနစ်တကျသင်ကြားတတ်မြောက်၍ ရိတ်သိမ်းခြွေလှေ့မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက ဆင့်ပွားသင်တန်းများလည်း ပြန်လည်ပြုလုပ်စေခြင်းဖြင့် ကျွမ်းကျင်သည့်စက်မောင်းများ တစ်တိုင်းလုံးပျံ့နှံ့စေရေးဆက်လက်လုပ်ဆောင်ရန်လည်း လိုပါကြောင်း၊ စက်မောင်း ကျွမ်းကျင်သူများအနေဖြင့်လည်း လေလွင့်ဆုံးမှုနည်းနိုင်သမျှနည်းပါးအောင် ရိတ်သိမ်းပေးကြစေလိုကြောင်းနှင့် အားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြု မိတ်ဆက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကြီးများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းသို့ သင်တန်းသား(၅၀)ဦးနှင့် စက်မှုလယ်ယာဦးစီးဌာနမှဆရာဖြစ်သင်တန်းသား (၆)ဦးဖြင့် စုစုပေါင်း သင်တန်းသား (၅၆) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ (၄)ပတ်ကြာ သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းကျောင်းရှိဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပြီး စပါးစိုက်ဧကအများဆုံး ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်ပြီးဆုံးပါက အလယ်အလတ်အဆင့်ပညာရှင်များ ဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နေရာများ၌ မိမိတို့သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအား လက်တွေ့ပြန်လည်အသုံးချရမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၌ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်း၊ ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်းဖွင့်လှစ်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များ ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်သည့်အခါ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန်လည်း လိုပါကြောင်း၊  ဒေသတွင်းတွင် စိုက်ပျိုးကြသည့် သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် တောင်သူများမှ အားကိုးအားထားရသူများဖြစ်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ‌စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ပထမနှစ် ဝင်ခွင့်လျှောက်လွှာ လျှောက်ထားလူမှု အခြေအေနေများနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံမြောင်းမြတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းသား သင်တန်းသူစုစုပေါင်း ၄၀၇ ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ တောင်သူ ဦးအောင်မျိုးသိုက်၏ လယ်မြေ(၄)ဧက၊ နယူးဧရာအထွက်တိုး မျိုးစပါးစိုက်ခင်းတွင် ပြုလုပ်သည့် ပေါင်းလိုက်၊ သမန်းနှိုး၊ မြေဩဇာကြဲပတ်ပွဲတက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါး ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပါ၍ ပိုက်ဆံလျှော်မျိုးစေ့များအား ကြိုတင်စုဆောင်းထားကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)