ရွှေကျင် ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ခုတင်(၁၀၀) ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အခြေခံပညာကျောင်းတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၁)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်သောင်းက ကျောင်းကျန်းမာရေးများဆောင်ရွက်ရခြင်း၏ အကြောင်းများကို ပြောကြားပြီး ရွှေကျင်မြို့နယ် ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါနှိမ်နင်းရေးနှင့်ပတ်သက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ လောင်း၊ ဖွင့်၊ ရှင်း၊ မြှုပ်၊ ထည့် အကြောင်းအရာများ၊ ရွှေကျင်မြို့နယ် ဦးထွဋ်လင်းနောင်(ငှက်ဖျားကြီးကြပ်)က ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများအကြောင်းကို ဟောပြောပေးခဲ့သည်။ ထို့နောက် ရွှေကျင်မြို့နယ် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာခင်ငြိမ်းခန့် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား မိမိတို့၏ သွားများအား နည်းစနစ်မှန်ကန်စွာ သွားတိုက်နည်း၊ လက်ဆေးနည်းများကို သင်ကြားပြသပေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး လှုပ်ရှားမှုများတွင် ဆုရရှိသည့် အ-ထ-က(တပ်နယ်)ကျောင်း၊ အ-ထ-က(ရွှေကျင်)ကျောင်းနှင့်အ-ထ-က(ဇောတိ)ကျောင်းများအား တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီမြင့်ရာ ကျောင်းအုပ်ဆရာများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)