ငါးသိုင်းချောင်း သြဂုတ် ၁၇
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်းရှိ အ.လ.က(ခွဲ)မြို့သစ်၌ဩဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ (ကိုယ်စား) မြို့သစ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဒေါ်ဇင်မီမီဝင်းနှင့် ရေကြည်မြို့နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးကြပြီး G-7 တွင် ပညာသင်ကြားနေသော မယုမြတ်ရွှေစင်က" လူငယ်နှင့်ယဥ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-8 တွင်ပညာသင်ကြားနေသော မဆုရတီထက်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-9 တွင် ပညာသင်ကြားနေသော မဝတ်ရည်အောင်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-9 တွင် ပညာသင်ကြားနေသော မောင်ဘိုဘိုခန့်က လူငယ်နှင့်ခေါင်းဆောင်မှုခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို နေ့လည်(၁၂) နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အင်အား(၁၆၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)